မိမိကိုယ်ကို ရောင်းချခြင်း..။


အလုပ်တစ်ခုရှာသည်ဆိုခြင်းသည် မိမိအရည်အသွေးကို ရောင်းချခြင်းတစ်မျိုးဟု မှတ်သားမိဘူးပါသည်...။ အလုပ်ရှင်မှလည်း သူ့ဘက်မှလိုအပ်ချက်များများကို ကုန်ကျစားရိတ်နည်းနည်းနှင့် ဖြည့်ဆည်းပေးနိုင်မည့်သူမျိုးကို ရှာဖွေခန့်အပ်ကြဖို့ ကြိုးစားကြသည်မှာ ဓမ္မတာဖြစ်ပါသည်..။ အလုပ်ရှာသူများဘက်မှလည်း အလုပ်ရှင်များလိုအပ်တတ်သောအရည်အချင်းများကို တတ်အားသမျှဖြည့်ဆည်းကာ မိမိနှင့်အရည်အချင်းတူသူများနှင့် အပြိုင်တိုးကြရသောအခါ အရည်အချင်းသာသူများက အခွင့်အရေးပိုရတတ်သည်မှာ သဘာဝတရားဖြစ်ပါသည်..။

ယခုမစံပယ်မှာ အလုပ်လုပ်သင့်သော ဘ၀ထဲသို့ခြေစုံပစ်ဝင်ရမည့်အချိန်သို့ရောက်နေပါပြီ..။ ရောက်ခဲ့သည်မှာ ကြာပါပြီ..။ မစံပယ်ကမသိဟန်ဆောင်ကာ နေခဲ့သမျှ လောကကြီးက မသိကျိုးကျွံမပြုဘဲ နင်အချိန်တန်ပြီဟု လိုက်လံရှာဖွေကာ အလုပ်လုပ်ခိုင်းနေပါပြီ..။ မစံပယ် မသိကျိုးကျွံ မသိလိုက်မသိဘာသာနေ၍ မရတော့ပါ..။ မိုးလင်းသည်နှင့် ကွန်ပျူတာကိုဖွင့် အလုပ်ဝက်ဆိုဒ်များဖွင့်ကာ အလုပ်တစ်ကြော်ကြော်လျှောက်ရခြင်းသည် မစံပယ်၏ နိစ္စဒူဝ အလုပ်ဖြစ်လာပါပြီ..။

အလုပ်အသည်းအသန်ရှာသောအခါတွင်မှ မစံပယ်စိတ်ထဲစွဲနေအောင် သနားလာခဲ့သောအဖြစ်အပျက်တစ်ခုကို ခဏခဏပြန်ပေါ်ပေါ်လာပါတော့သည်..။ မစံပယ်တို့သည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတစ်နေရာမှ ဖြစ်ပါသည်..။ မစံပယ်တို့ကျောင်းတက်သောအခါ မုံရွာသို့သွားကာတက်ကြရပါသည်..။ ချင်းတွင်းမြစ်ကို စက်လှေဖြင့်ကူးရပါသည်..။ ထိုအခါ စက်လှေအတက်ဆင်းဍ်ကုန်တင်ကုန်ချအလုပ်သမားများ၊ ဆိုက္ကားသမားများနှင့်ပြည့်ကြပ်နေကာ ခရီးသည်ခေါ်လေ့ရှိပါသည်..။ဆိုက္ကားသမားများ၊ ကုန်တင်ကုန်ချသမားများမှာ အောက်ခြေလူတန်းစားများဟု ပြောမည်ဆိုကပြောနိုင်ပါသည်..။ ထိုအထဲတွင်အရက်သမားအလုပ်သမားများလည်း ပါပါသည်..။

တစ်ခါကမစံပယ်စက်လှေပေါ်မှအဆင်း မုံရွာဆိပ်ကမ်းအရောက် တောင်းကြီးကြီးတစ်လုံးပါသူခရီးသည်ထံမှ ထိုတောင်းကြီးကို ထမ်းဖို့အရေး အလုအယက်ကြိုးစားနေသော ဦးလေးအရွယ် ယောကျာ်းကြီးတစ်ယောက်ကိုတွေ့မိပါသည်..။ ထိုဦးလေးကြီးမှာ တောင်းကိုမနိုင်မနင်းအတင်းထမ်းဖို့ကြိုးစားနေပါသည်..။ ဘေးမှာသန်မာသော   ယောကျာ်းသားများကအပြည့်ဖြစ်ပါသည်..။ သူကြိုးစားမထမ်းလျှင်သူများကအလွယ်ဝင်ထမ်းသွားမည်..။ သူဒါကိုမထမ်းလျှင် မနက်စာ (အရက်လည်းဖြစ်ချင်ဖြစ်နိုင်ပါသည်..။) ရမည်မဟုတ်ပါ..။ သူ့မှာလုယက်ကာအတင်းဝင်ထမ်းနေပေမယ့် မျက်နှာမှာအရက်သမားပုံစံဖောင်းကြွနေပါသည်..။

"ငါနိုင်ပါတယ်ကွ..။ ငါနိုင်ပါတယ်ကွ" ဟုအတင်းပြောကာ အတင်းလုထမ်းနေသောထိုဦးလေးကြီးပုံကို ခဏခဏပြန်မြင်နေမိသည်မှာ မစံပယ်တို့လည်း အလုပ်တစ်ခုရဖို့အရေး ဘာတွေဘယ်လိုတတ်ကျောင်း အတင်းကာရောပြသနေမိရသမို့ ဖြစ်ပါသည်..။ အလုပ်အတူလျှောက်နေသော..၊ အလုပ်ရှာတာကြာပြီဖြစ်ပေမယ့် အင်တာဗျူးသာကြိုးကြားကြိုးကြားရလျှက် အကြောင်းပြန်ချက်မရသော အစ်ကိုကြီးတစ်ယောက်ကိုကြည့်ကာလည်း ထိုဦးလေးကြီးကိုပြန်အမှတ်ရမိတတ်ပြန်ပါသည်..။ "ငါသန်ပါသေးတယ်..။ ငါ့ကိုခိုင်းကြပါ" ဟု တကြော်ကြော်အော်နေသော်လည်း အလုပ်မှာ ရချင်မှသာရတတ်ပါသည်..။ မစံပယ်လည်း လက်မှတ်တွေ အောင်စားရင်းတွေတပုံတပင်တွေ ကျွန်မ တတ်ပါတယ်ရှင်ဟု လည်ချောင်းကွဲအောင်အော်သော်လည်း မရနိုင်ပါ..။ လက်ချောင်းပူအောင် အလုပ်လျှောက်သော်လည်း အင်တာဗျူးပင်မရလာသေးပါ..။ ထိုအခါတိုင်း ငါနိုင်ပါတယ်ကွ ငါနိုင်ပါတယ်ဆိုပြီး အတင်းလုကာထမ်းနေသော အလုပ်သမားဦးလေးကြီးကိုသာ ပြန်ပြန်အမှတ်ရမိနေပါသည်..။

ကျွန်မလည်းအလုပ်လိုချင်ပါတယ်ရှင်..။ ကျွန်မကို ခိုင်းကြပါ..။