ခလုတ်တိုက်မိသော စရိုက်များ (၁)..။

မစံပယ်က စကားပြောတာရိုင်းတဲ့သူဖြစ်ဖြစ် အပြုအမူရိုင်းတဲ့သူဖြစ်ဖြစ်နဲ့ စကားပြောရတာ စိတ်ကသိကအောက်ခံစားရပါတယ်..။ အဲဒီထဲကမှ မစံပယ် ကသိကအောက်ခံစားခဲ့ရတာတစ်ချို့ကို ရေးပြချင်ပါတယ်..။

မစံပယ်က အခုကျောင်းတက်ဆဲ နောက်ဆုံး semester ကိုရောက်နေပါပြီ..။ အဲဒီတော့ မစံပယ်ကျင်လည်ရတာ ကျောင်းပတ်ဝန်းကျင်ရယ်..၊ အိမ်ရယ်ဖြစ်ပါတယ်..။ အရင်ဆုံးကျောင်းမှာ အဆိုင်းမင့်အတူတွဲလုပ်ကြတဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်..။ မစံပယ်ကျောင်းစတက်မယ်ဆိုတော့ အရင်နှစ်ကပြီးထားပြီးသား ကျောင်းသူက အဆိုင်းမင့်လုပ်ရင် မြန်မာတွေနဲ့တွဲမလုပ်ဖို့ ပြောပါတယ်..။ မစံပယ်အတန်းစတက်တော့ စလုံးတွေနဲ့တွဲဖို့ မဖြစ်နိုင်မှန်းသိလာတာက မမိစကားကို သူတို့ နားမလည်ပါဘူး..။ သူတို့ကိုနှစ်ခါနှစ်ခါပြန်ပြောနေရတာနဲ့ မမိလည်း သူတို့နဲ့စကားပြောဖို့ တွန့်နေပါတော့တယ်..။ အဲဒါနဲ့ မြန်မာနှစ်ယောက်က လာအဖော်စပ်တာနဲ့ သူတို့နဲ့ပဲတွဲလုပ်လိုက်ပါတယ်..။

ပထမဆုံးစလုပ်တဲ့အဆိုင်းမင့်က ခေါင်းစဉ်ကိုအရင်တင်ရမှာဖြစ်ပါတယ်..။ ဘယ်အကြောင်းအရာကိုတင်တင်ရတယ်ဆိုတော့ မစံပယ်တို့က ကျောင်းဒေတာဗေ့စ်ထဲကနေ စာကိုအရင်ရှာပြီး ကိုယ်နည်းနည်းပါးပါးပြင်ရေးပြီး လိုင်ဘရီမှာစာရှာတဲ့ထောင့်ကနေ ပြန်ရေးပြရမှာဖြစ်ပါတယ်..။ အဲဒီတော့ အကြောင်းအရာထက် လိုင်ဘရီဘက်က နည်းပညာကိုပိုပြီးဦးစားပေးပါတယ်..။ အဲဒီတုံးက မစံပယ်က အဆိုင်းမင့်ကဘာကိုလိုချင်မှန်း ဘာကိုဦးတည်မှန်း သိပ်သဘောမပေါက်သေးပါဘူး..။ မစံပယ်တို့အဖွဲ့ထဲက တစ်ယောက်က သူက အတန်းကြီးတဲ့သူနဲ့အဆောင်မှာတစ်ခန်းတည်းတူနေတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာ သူကသဘောပေါက်နေပါပြီ..။ အဲဒီနေ့မနက် ခေါင်းစဉ်ရွေးဖို့တစ်နေရာမှာစုံပြီး ခေါင်းစဉ်အတွက် ဒေတာဗေ့စ်ထဲက ပေပါတွေရှာတော့ အဲဒီတစ်ယောက်က သူရှာလာတဲ့စာတွေကို ပြပါတယ်..။ မစံပယ်က သူရှာလာတဲ့ခေါင်းစဉ်တွေထဲကမှ ဘယ်အကြောင်းအရာကို ကိုယ်ပြန်ရေးနိုင်မလဲဆိုတာ စဉ်းစားနေပါတယ်..။ အဲဒီမှာ အဲဒီတစ်ယောက်က ဒီခေါင်းစဉ်ဆိုကောင်းမယ်ဆိုပြီး စာတစ်ပုဒ်ပြလာပါတယ်..။ အဲဒီခေါင်းစဉ်က မစံပယ်တို့ မြန်မာနိုင်ငံမှာတုံးက ခက်တယ်လို့နာမည်ကြီးတဲ့ ဘာသာရပ်ကပါ..။ မစံပယ်ကအဲဒါဆိုရင်တော့ မလုပ်ချင်တော့ သူကလုပ်ချင်တယ်ဆိုတော့ လုပ်နိုင်မလားဆိုတာ သေချာစဉ်းစားနေတဲ့အချိန်..။

မစံပယ်ရဲ့လက်တော့ပ်မျက်နှာပြင်ကို တဒေါက်ဒေါက်နဲ့လာထောက်ပြီး ဒါကဘာပြောတာ ဒါကဘာပြောတာ ဒါလေးတောင်မသိဘူးလားဆိုတော့ မစံပယ် တော်တော်ကိုခံရခက်ပြီး အောင့်သွားပါတယ်..။ ကိုယ်ကရှေ့ဆက်လည်း လုပ်ရဦးမှာ..။ အဖွဲ့ပြောင်းမယ်ဆိုလည်း မလွယ်တော့တာနဲ့မို့ ရေရှည်ကိုကြည့်ပြီး သည်းခံလိုက်ရတာ..။ တော်တော်မလွယ်ပါလား..။ လူတစ်ယောက်ကိုဒီလိုမဆက်ဆံရဘူးဆိုတာ သူတို့အိမ်က သင်ပေးနိုင်ပုံမပေါ်ဘူး..။ တော်တော်စိတ်ပျက်ဖို့ကောင်းအောင်ကိုရိုင်းတာပဲလို့ မစံပယ်မှတ်ချက်ချပြီး နောက်အတန်းတွေမှာ အဲဒီကောင်မလေးကို အခေါ်အပြော အဆက်အဆံမလုပ်တော့ဘဲ နေလိုက်ပါတော့တယ်..။

အတန်းတူချင်း အသက်ကမစံပယ်ကပိုကြီးတာတောင်မှ ဒီလိုစကားမျိုးသုံးပြီးပြောထွက်တာ တော်တော်အံ့သြဖို့ကောင်းပါတယ်..။ လောကနီတိကို မသိတဲ့သူတွေ တော်တော်များပါလားလို့ မှတ်ချက်မိပါတယ်..။

အမေကြီး..။

အမေ့အမေကို ဘယ်လိုခေါ်ရသလဲဆိုတာ မစံပယ်တိတိကျကျ မသိပါဘူး..။ မစံပယ်တို့ကတော့ အမေ့အမေကို အမေကြီးလို့ခေါ်တယ်..။ မစံပယ်တို့ငယ်ငယ် အမေကြီးတို့ဆီအလည်သွားပြီဆို မုန့်ဖက်ထုပ် ပူပူလောလောထုပ်ပြီး ကျွေးတတ်တဲ့ အမေကြီးကို မစံပယ်အမြဲသတိရပါတယ်..။

အမေတွေအတွက်တော့ ကိုယ့်သားသမီးကဘယ်အရွယ်နေနေ သူတို့မျက်စိထဲ သူတို့အသိထဲမှာတော့ သမီးဟာသမီးပါပဲ..။ မစံပယ်တို့အဖေဆုံးတော့ အဖေ့အသုဘချပြီးတဲ့ညမှာ မစံပယ်တို့အမေကြီးက ရယ်စရာတွေပြောပြီး တဟားဟားနဲ့အော်ရယ်နေတာ တွေ့ရပါတယ်..။ မစံပယ်တို့ကတော့ရိပ်မိနေတယ်...။ အမေကြီးက သူ့သမီးရဲ့သောကကို နည်းနည်းမှသက်သာသက်သာဆိုပြီး ရယ်စရာတွေပြောပေးနေတယ်ဆိုတာလေ..။

အမေကလည်း တစ်လနှစ်လလောက် သိသိသာသာကို စကားနည်းညှိုးငယ်သွားလိုက်တာ..။ ဒီသမီးကိုစိတ်ပြေအောင် စိတ်သက်သာအောင်လုပ်ပေးနေတဲ့အမေကြီးရဲ့ မိဘမေတ္တာကိုခံစားရတာ ပီတိဖြစ်ဖို့ကောင်းပါတယ်..။

အမေကြီးကစာမတတ်တဲ့ တောထဲက တောသူ..။ ဘဘက မူလတန်းကျောင်းအုပ်ဆရာ..။ စာမတတ်တဲ့အမေကြီးက သားကိုသခင် လင်ကိုဘုရား၊ ဘဘ ဘာကိုပဲ တလိုက် တလိုက် ခုချက်ချင်း သူလုပ်နိုင်တာဆိုထလုပ်ပေးလိုက်တာ အမေကြီးရဲ့ ကြီးမားတဲ့မေတ္တာပါ..။ လောကဓံကိုခါးစည်းခံခဲ့ရင်း ခုဆိုရင်တော့ ဘ၀နေ၀င်ချိန်ကိုရောက်နေပြီပေါ့..။

ဘလော့တစ်ခုကိုသွားဖတ်ရင်း အမေကြီးကိုသတိရလာလို့ မှတ်တမ်းတင်ထားလိုက်တာပါ..။ အမေကြီး ကျန်းမာ ချမ်းသာစွာရှိပါစေလို့ မြေးမဆုတောင်းပေးလိုက်ပါတယ်..။

ရာတာရောက်ရောက်..။

မစံပယ်စိတ်ထဲစာတွေရေးနေမိတာ များပြီ..။ တကယ်တမ်းကျတော့ ချမရေးဖြစ်ဘူး..။ တကယ်စဉ်းစားတွေးခေါ်ပြီးရေးထားတဲ့ အက်ဆေးပုံစံဘလော့တစ်ခုကိုဖတ်ရင်း မစံပယ်လည်း အဲလိုအက်ဆေးတွေရေးစရာမှအများကြီးဆိုတာ တွေးမိပြီး စိတ်ကူးထဲကနေရေးနေလိုက်တာ တကယ်ချရေးမယ်ဆိုတော့ ဟိုဟာရေးရမလိုလို ဒီဟာရေးရမလိုလိုနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ယောင်ဝါးဝါးနဲ့ပြီးနေတာ မစံပယ်ရဲ့ အကျင့်ပဲဖြစ်မယ်ထင်ပါရဲ့..။

List လေးလုပ်ထားဦးမှလို့ အတွေးဝင်မိပါရဲ့..။ မရေးနိုင်သေးဘူး..။ ၀မ်းဝဖို့ကြိုးစားနေရတာ လူလည်း မျက်ချောင်ကျနဲ့ ကြည့်လို့ကို မကောင်းတော့ဘူး..။